တောင်ငူမြို့နယ်အတွင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်လောင်း ရွေးချယ်ကျင်းပ နိုင်ရန် ညှိနှိုင်းဆွေးနွေး

တောင်ငူ ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း စည်ပင်သာယာရေး ကော်မတီဝင် လောင်း ရွေးချယ်ပွဲပြုလုပ်နိုင်ရန် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ရွေးချယ်ရေး ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

စည်ပင်သာယာရေးကော်မတီဝင်လောင်း ရွေးချယ်ရေး ကြီးကြပ်မှု ကော်မတီဖွဲ့စည်းရေး၊ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ရွေးချယ်ရေး အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည့်စည်ပင်သာယာရေး ကော်မတီရွေးချယ်ရေးဆိုင်ရာ၊ ဥပဒေ/နည်းဥပဒေများအတိုင်း ဆောင်ရွက်ကြရန် မြို့နယ်ကြီးကြပ်ရေး ကော်မတီနှင့်ရပ်ကွက်၊ ကျေးရွာ ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်း၍ စနစ်တကျ ဆောင်ရွက်ကြရန် အသီးသီးဝိုင်းဝန်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)