သဲကုန်းမြို့နယ်၊ လင်းလဲကျေးရွာအုပ်စု သဲကျောလေးကျေးရွာ၊ သဲကျောကြီးကျေးရွာ၊ သရက်ကုန်း ကျေးရွာများတွင် (NEP) အစီအစဉ်ဖြင့် လျှပ်စစ်မီးလင်းရေးအောင်ပွဲကျင်းပ

သဲကုန်း ဇန်နဝါရီ ၆

နိုင်ငံတော်အစိုးရမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် တစ်နိုင်ငံလုံးတွင် (၂)မိုင်အတွင်းရှိ ကျေးရွာ များ မီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ ရာ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင်လည်း (၂)မိုင်အတွင်းရှိ ကျေးရွာများအား မီးလင်း နိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သဲကုန်းမြို့နယ်၊ ပုတီးကုန်းနယ်မြေ လင်းလဲကျေးရွာအုပ်စု သဲကျောလေးကျေးရွာ၊ သဲကျောကြီး ကျေးရွာ၊ သရက်ကုန်းကျေးရွာ(၃)ရွာတွင် NEP စီမံကိန်းဖြင့် မီးလင်းရေးအောင်ပွဲ ဖွင့်ပွဲအခမ်းအနားများ ဆက်တိုက်ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားများအား တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦး၊ ပုတီးကုန်းမြို့ လျှပ်စစ်အင်ဂျင်နီယာ ဦးဇေဖြိုးလင်း၊ လင်းလဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ သည်။

ထို့နောက် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦးက အမှာပြောကြားခဲ့ပြီး သဲကုန်းမြို့ လျှပ်စစ်အင်ဂျင် နီယာ ဦးဇေဖြိုးလင်းက NEP စီမံကိန်းဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးရ သည့် ရည်ရွယ်ချက်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်များအား အသိပညာ ပေးပြောကြားခဲ့ရာ ကျေးရွာမီးလင်းရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပုတီးကုန်းမြို့ လျှပ်စစ်ရုံးဝန်ထမ်းများမှ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအသိပညာပေး လက်ကမ်းစာစောင်များ အား ဝေငှပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)