မြန်မာ့ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ကုန်သည်စက်မှုအသင်းချုပ်နှင့် US ICT Council Myanmar တို့အကြား နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုး

လမ်းမတော် ဇန်နဝါရီ ၆

ကမ္ဘာ့အကြီးမားဆုံးနှင့် တီထွင်ဆန်းသစ်မှုအရှိဆုံး နည်းပညာကုမ္ပဏီပေါင်း များစွာပါဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (US ICT) ကောင်စီနှင့် ကုန်သည်စက်မှုအသင်းချုပ်တို့သည် ယမန်နေ့က နားလည်မှု စာချွန်လွှာ တစ်ရပ်ရေးထိုးခဲ့ကြသည်။

မြန်မာ့ဒီဂျစ်တယ် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်၊ အသင်းချုပ်နှင့် US ICT Council for Myanmar တို့အကြား သတင်းအချက်အလက် ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းနှင့်အခြားကဏ္ဍများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအတွက် Seminars, Workshops, Training Program များ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ MOU ရေးထိုး ခဲ့ကြခြင်းဖြစ်ပြီး သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။

စာချွန်လွှာကို အသင်းချုပ်အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းနှင့် US ICT Council for Myanmar ၏ Executive Director ဖြစ်သူ Ms. Gretchen Kuzne တို့မှ ဦးဆောင်၍ ရေးထိုးခဲ့ကြကာ ၂၀၁၈ ခုနှစ် တွင်လည်း MOU တစ်ကြိမ်ရေးထိုးခဲ့ပြီး ယခုတစ်ကြိမ်တွင် ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ရန် ရှိသည်များအား ဆွေးနွေးနိုင်ရန် ပုံမှန်တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ MOU ရေးထိုးပွဲသို့ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အမေရိကန်အခြေစိုက် US – ASEAN Business Council မှ Senior Vice President & Regional Managing Director ဖြစ်သူ Mr.MichaelMichalak၊ အသင်းချုပ် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဒေါက်တာ မောင်မောင်လေး၊ ဦးဝေဖြိုး၊ ဦးသောင်းတင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ ဖြစ်ကြသော ဦးအောင်စိုးသာ၊ ဒေါက်တာ ဝင်းစည်သူ၊ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။

ကျော်ဆန်းမြင့် လမ်းမတော် (ပြန်/ဆက်)