စားသုံးသူများ ဘေးအန္တရာယ်ကင်းစေရေး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး

ကြာအင်းဆိပ်ကြီး မတ် ၂၀

ကရင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ အများပြည်သူများ ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချစွာ စားသောက်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီခွဲ အချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၅)ရပ်ကွက်ရှိ ဇမိရတနာ ဈေးအတွင်းသို့  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒေါက်တာမောင်မောင်သီဟထွေး ဦးဆောင်သောအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူကျော်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ ဇမိရတနာဈေးအတွင်းရှိ စားသောက်ကုန်နှင့် ကုန်စုံဆိုင်များသို့ သွားရောက်ကာ သက်တမ်းကုန်ပစ္စည်းများ ရောင်းချမှုရှိ/မရှိ မှတ်ပုံတင်မဲ့ကုန်ပစ္စည်းရောင်းချမှုရှိ/ မရှိစစ်ဆေးခဲ့ရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ခွင့်ပြုထားသည့် အမှတ်တံဆိပ်ပါ ကုန်ပစ္စည်းများနှင့် သက်တမ်းကုန်ဆုံးသည့်နေ့ (Expire Date) ပစ္စည်းများတွေ့ရှိခဲ့ပြီး တွေ့ရှိသည့် ဈေးဆိုင်များမှ အဆိုပါပစ္စည်းများအား သိမ်းဆည်းကာ နောင်အခါတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) မှ ခွင့်ပြုထားသည့် အမှတ်တံဆိပ်ပါ ကုန်ပစ္စည်းများသာ ရောင်းချသွားရန် သုံးစွဲရမည့် သက်တမ်းရက်စွဲ၊ သတ်မှတ်ထားသည့် ခွင့်ပြုရက်ထက် ကျော်လွန်၍ ရောင်းချခြင်းမပြုပဲ သတ်မှတ်ခွင့်ပြုရက်အထိသာ ရောင်းချသွားရန် စားသုံးသူများ အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချစွာ သုံးစွဲစားသောက်နိုင်ရေးအတွက် စည်းမျဉ်းစည်းကမ်း ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး ပြန်/ဆက်