ရေဦး ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီက အဖွဲ့စုံပူးပေါင်းပြီး ရွေ့လျားမော်တော်ယာဉ်ဖြင့် လှည့်လည်စောင့်ကြည့် စစ်ဆေးအရေးယူမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
စစ်ဆေးအရေးယူမှုနဲ့ ပတ်သက်၍ “ကျွန်ဝော်တို့ ရေဦးမြို့နယ်အနေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေနှင့် အရေးပါ် တုန့်ပြန်ရေးကော်မတီ၊ မြို့မိမြို့ဖတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်း၍ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး လုပ်ငန်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့လကစပြီး နှာခေါင်းစည်းတပ်ဖို့ Mask Campaign စလုပ်ခဲ့တယ်၊ ပညာပေး ကာလပြီးနောက် နှာခေါင်းစည်းမပါသူများကို ဒဏ်သဘောနဲ့ Mask တစ်ခုကို ငွေနှစ်ရာကျပ် ၀ယ်ခိုင်းခဲ့ပြီး နောက်နှစ်ပတ်အကြာ ဒဏ်ငွေ ၅၀၀ ထိတိုးမြှင့်ခဲ့သော်လည်း လိုက်နာမှု အားနည်းနေသည့်အတွက် တတိယအကြိမ် အစည်းအဝေးပြုလုပ်ပြီး ဒဏ်ငွေ ကျပ်တစ်ထောင် အထိ တိုးမြှင့်သတ်မှတ်ခြင်း၊ မြို့၀င်စစ်ဆေးရေးဂိတ်များတွင် အင်အားဖြည့် ပြန်လည် ချထားရန်နှင့်နေအိမ်ပြင်ပ ထွက်လာသူတိုင်းနှာ ခေါင်းစည်းတပ်ခြင်းရှိမရှိ တစ်ရက် တစ်ကြိမ် စစ်ဆေးဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ခုတော့ ရေဦးမြို့မှာ နှာခေါင်းစည်း တပ်လာ တဲ့သူတွေ များလာသလို စည်းကမ်းလိုက်နာမှုလည်း ရှိလာပါတယ်၊ နှာခေါင်းစည်း ပေးပြီး ဒဏ်ဆောင်လို့ ရရှိလာတဲ့ငွေတွေကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီသို့ အပ်နှံခဲ့ပါတယ်။ ရေဦးမြို့နယ်အနေနဲ့ ယနေ့အထိ ကိုဗစ် - ၁၉ အတည်ပြုလူနာ နှစ်ဦးပဲရှိပါတယ်၊ အသက် ၈၀ နှစ်အရွယ်အမျိုးသားနှင့် ၎င်း၏ဇနီး တို့ဖြစ်ပါတယ်၊ အားလုံးကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း “ မြို့မိမြို့ဖ တစ်ဦးက ပြောပြ၍ သိရသည်။
သန်းထိုက် ( ရေဦး)