နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ ထင်းစိုက်ခင်း (၂၀)ဧကအားအကျိုးပြုကျေးရွာဖြစ်သော ယာပြင် ကျေးရွာသို့ လွှဲပြောင်းပေးအပ်

နတ်မောက်  ဇန်နဝါရီ  ၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (၂၀၂၀) မိုးရာသီတွင် တည်ထောင်စိုက်ပျိုးခဲ့သည့် ကျေးရွာထင်းစိုက်ခင်း  (၂၀)ဧကအား အကျိုးပြုကျေးရွာဖြစ်သော  ယာပြင်ကျေးရွာသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က စိုက်ခင်းစခန်းရှင်းလင်း ဆောင်တွင် ကျင်းပခဲ့သည်။

အဆိုပါ ထင်းစိုက်ခင်းလွှဲပြောင်းပေးအပ်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးသက်ဝေအောင်က  ကျေးရွာများ အတွက် ထင်းစိုက်ခင်းများစိုက်ပျိုးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူးတို့မှ ယာပြင်ကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံဦးဖြိုးမောင်အား ကျေးရွာထင်းစိုက်ခင်း (၂၀)ဧက ကိုတက်ရောက်လာ ကြသည့် ပြည်သူများရှေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်းသိရသည်။

လှဝင်း (နတ်မောက်)