ပခုက္ကူ ဇန်နဝါရီ ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၈၅ ရွာတို့၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ်သန်းပေါင်း ၈၅၀ ဖြင့် အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ပခုက္ကူမြို့နယ်ရှိ ကျေးရွာ ၂၄ရွာ အတွက် ရန်ပုံငွေကျပ်သန်း ၂၄၀၊ ရေစကြိုနှင့်မြိုင်မြို့နယ်များရှိ ကျေးရွာ ၂၀ရွာစီ အတွက် ရန်ပုံငွေကျပ်သန်း ၂၀၀စီ၊ ပေါက်မြို့ နယ်ရှိ ကျေးရွာခုနစ်ရွာအတွက် ရန်ပုံငွေကျပ်သန်း ၇၀၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာ ၁၄ရွာအတွက် ရန်ပုံငွေကျပ်သန်း ၁၄၀ စသည့် ပခုက္ကူခရိုင်အတွင်းရှိ စုစုပေါင်းကျေးရွာ ၈၅ရွာတို့အတွက် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၈၅၀သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်းအကြောင်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းသည် ကျေးလက်နေပြည်သူလူထုကိုယ်တိုင် မိမိကျေးရွာ၏ လိုအပ်ချက်များကို စီမံချက် ရေးဆွဲပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီက ဦးစီးဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်မီးလင်းရေး၊ ကျေးရွာတွင်း လမ်းနှင့် သောက်သုံးရေးရရှိရေး စသည့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဖြစ်ပြီး စီမံကိန်းဝင် ကျေးရွာတစ်ရွာလျှင် ငွေကျပ် ၁၀သန်း၊ ကျေးရွာ ပြည်သူလူထု ထည့်ဝင်ငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပခုက္ကူခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်ဝေက ပြောသည်။
ဆလိုင်းကိုကီး