ချောင်းဆုံမြို့နယ်တွင် ခွေးရူးရောဂါ ကာကွယ်ဆေးကို ကျေးရွာအရောက် အခမဲ့ လိုက်လံထိုးနှံ

ချောင်းဆုံ      ဇန်နဝါရီ        ၆

"ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်" ရည်မှန်းချက်ဖြင့် မြန်မာနိုင်ငံ ခွေးရူးရောဂါ ကင်းစင်ရေး၊ ရောဂါကာကွယ်စောင့်ရှောက်ရေး စီမံချက်ကို အကောင်အထည်ဖော်သည့် အနေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မွေးမြူရေးနှင့် ကုသရေးဝန်ကြီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာဒေါ်နွဲ့နွဲ့ရီနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်က ကညှော်ကျေးရွာသို့ ကွင်းဆင်းပြီး ခွေးရူးရောဂါ ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ယခု ကာကွယ်ဆေးထိုးနှံပေးရခြင်းသည် ဌာန၏ ရည်မှန်းချက်ဖြစ်သော (၂၀၃၀) ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး ခွေးရူးရောဂါကင်းစင်စေရန်အတွက် စီမံချက်ချမှတ်ပြီး စီမံချက်အရ ပြည်သူများနှင့် ပူးပေါင်းပြီး ကျေးရွာရှိ ဘုန်းကြီးကျောင်း၊ အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ခွေး၊ ကြောင် တွေကို ခွေးရူးရောဂါဆေး ထိုးပေးရခြင်းဖြစ်ကြောင်း၊ ခွေးရူးရောဂါသည် ခွေးတွေအပြင် ကြောင်တွေကနေ တစ်ဆင့်လည်း လူတွေကို ခွေးရူးရောဂါဖြစ်ပွား ကူးစက်စေနိုင်သည့် အတွက် ယခုလို ကျေးရွာများ တွင် ကွင်းဆင်းပြီး ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ နောက်ရက်များတွင်လည်း အခြား ကျေးရွာ များသို့ သွားရောက်၍ အဆိုပါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် (မွေး/ကု)ဌာန ဒေါက်တာ နွဲ့နွဲ့ရီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)