ဇီးကုန်း ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံ၌ မွေးကင်းစမှတစ်နှစ် အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်သန္တာထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ပေးခဲ့ကြသည်။
ရှေးဦးစွာ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သန္တာထွေးမှ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ရန် အသင့်တော်ဆုံးအသက်အရွယ်တွင် မထိုး၊ မတိုက်လိုက်ရသော ကလေးငယ်များအတွက် လမ်းညွှန်ချက်များ အား ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ တစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန် ဆောင်မိခင်များအား အသက်အရွယ် အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးရမည့် ကာကွယ် ဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့ကြသည်။
ဇီးကုန်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်စုစုပေါင်း (၉၀၅)ဦး၊ (၁)နှစ်အောက် ကလေးငယ်များ စုစုပေါင်း (၈၇၂)ဦးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပြီးသူ (၅၁၂)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တင့်ဆွေ(ပြန်/ဆက်)