ရှမ်းရွာသစ် ဇန်နဝါရီ(၆)
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အသက်(၁၀၀)နှစ်အထက် သက်ကြီးရွယ်အိုများအား အပိုဆောင်းထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မဲသမူးကျေးရွာအုပ်စုရှိ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ရှမ်းရွာသစ်မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိ သူများတို့က မဲသမူးကျေးရွာအုပ်စုရှိ အသက်(၁၀၀)နှစ်အထက် သက်ကြီးဘိုးဘွား(၃)ဦးအတွက် တစ်ဦး လျှင် ငွေကျပ်(၃၀၀၀၀/)နှုန်းဖြင့် စုစုပေါင်း(၉၀၀၀၀/)ကျပ်ကို လက်ဝယ်အရောက်ထောက်ပံ့ ပေးအပ်ခဲ့ သည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိရာ မဲသမူးကျေးရွာအုပ်စုတွင် အသက်(၁၀၀)နှစ်အထက် သက်ကြီးရွယ်အို(၃)ဦး၊ ရင်းဘိုင်းကျေးရွာအုပ်စုတွင် (၂)ဦးနှင့် မဲလရော ကျေးရွာအုပ်စုတွင် (၁)ဦး စုစုပေါင်း(၆)ဦးရှိပြီး ကျန်ရှိသည့် သက်ကြီးရွယ်အိုများကို လက်ဝယ်အရောက် ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)