တမူး၊ ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့အမှတ်(၁၀)အခြေခံပညာ မူလတန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အမှတ်(၁၀)အခြေခံပညာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကြည်တိုးက အမှာစကားပြောကြားပြီး တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်းစိုးက လူငယ်များအနေဖြင့် ပညာသင်အရွယ်မှစပြီး မိမိဝါသနာ၊ ဗီဇစရိုက်နဲ့ကိုက်ညီတဲ့ ရည်မှန်းချက်ရှိရမှာ ဖြစ်ကြောင်း အဲ့ဒီရည်မှန်းချက်များကိုလည်း ဆန္ဒာအဓိပတိထားပြီး ကြိုးစားရမှာ ဖြစ်ကြောင်း မျိုးဆက်သစ်တို့ တိုးတက်ကြဖို့အတွက် အခုလိုအရွယ်ကစပြီး ဗလငါးတန်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာအတတ်ပညာတွေကို လေ့လာဆည်းပူးကြစေလိုကြောင်း ဒါမှသာ နောင်တစ်ချိန်မှာ အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်သွားနိုင်မှာဖြစ်ကြောင်း ဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့်ဟောပြောခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင်ပြပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်း၊ မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
ရတနာ