ဒေသခံတောင်သူများ စိုက်ပျိုးရေအဆင်ပြေစွာ ဖြန့်ဝေပေးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရေလက် တံမြောင်းများ ပြုပြင်ဆောင်ရွက်နေမှုအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်ဖြူ      ဇန်နဝါရီ        ၇

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူ များ (နွေ ၊ မိုး ၊ ဆောင်း) ရာသီမပျက် သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေ အဆင်ပြေစွာ ဖြန့်ဝေပေးနိုင်ရေးအတွက်      ၂၀၂၀ - ၂၀၂၁  ဘဏ္ဍာရေးနှစ် ဌာနခွင့်ပြုရန်ပုံငွေဖြင့် ရေလက်တံမြောင်းများ ပြုပြင်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၅ ရက်နေ့ နံနက်ပိုင်း က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးနှင့် တာဝန်ရှိသူများ အဖွဲ့ က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးသည် တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းထိုက်၊ ခရိုင်နှင့် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ စိုက်ပျိုးရေအဆင်ပြေစွာ ဖြန့်ဝေပေးနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတစ်လျှောက် ရေလက်တံမြောင်းများ ပြုပြင်ဆောင်ရွက် နေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာများက လုပ်ငန်းပြီးစီးမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးက ပြုပြင်ဆောင်ရွက် နေသည့် ရေလက်တံ မြောင်းများ အချိန်မီပြီးစီးရေးနှင့် ရေရှည်အကျိုးပြုနိုင်ရေးအတွက် လုပ်ငန်းအရည်အသွေး ပြည့်မီရေး စနစ်တကျ လုပ်ကိုင် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်ရေးအတွက် ရေလက်တံမြောင်းများ ပြုပြင်ခြင်းလုပ်ငန်း (၇၀) ကျော်အား အကောင်အထည်ဖော် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံက သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )