အင်းစိန်မြို့နယ်၌ လူသွားလူလာများသည့် နေရာများတွင် ဈေးကားများဖြင့် သား၊ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ရန်ကုန် ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေ စဉ်ကာလအတွင်း ပြည်သူများ စားရေး သောက်ရေး အဆင်ပြေစေရန်၊ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စာသုံး နိုင်စေရန်နှင့် သန့်ရှင်း လတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များကို ဝယ်ယူ စားသုံးနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၇)နာရီက ရွာမအနောက်ရပ်ကွက်၊ သံမဏိ စည်ပင်အိမ်ရာနှင့် ကြို့ကုန်း အရှေ့ရပ်ကွက် မဟာသုခိတာ လမ်းတို့တွင် ဈေးနှုန်း သက်သာ စွာဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

ရောင်းချရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စု မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ညီနောင် အသင်းများမှ ပူးပေါင်းဆောင်ရွက်သော အင်းစိန်မြို့နယ်အတွင်းရှိ လူသွား လူလာများ တတ်သောနေရာသို့ ဈေးကားများဖြင့် သွားရောက်၍ ရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊အမဲသား၊ ဆိတ်သား၊ ရေချို/ရေငန် ငါးအမျိုးမျိုး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများ စသည်တို့ကို လူတန်းစားမရွေး ဝယ်ယူနိုင်သည့် အလေးချိန်များနှင့် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၊ အတွင်းရေးမှူး EO ဦးဝင်းနိုင်နှင့် ဝန်ထမ်း များက ဦးဆောင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)