မိုးညိုမြို့နယ် စည်ပင်သာယာဈေးအတွင်း ဈေးမီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

မိုးညို ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်၊ ဇောတိကရပ်ကွက်ရှိ မြို့နယ် စည်ပင် သာယာဈေးအတွင်း ဈေးမီးဘေး လုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် လျှပ်စစ် ဦးစီးမှူးရုံး၊ဈေးကော်မတီ၀င်များနှင့် ဈေးသူ ဈေးသားများ စုပေါင်း၍ ဈေးအတွင်းရေရရှိရေးအတွက် ဆောင်ရွက်ထားရှိသည့် ရေစုပ်စက် များအား စက်နိုးစမ်းသပ် စစ်ဆေးခြင်း၊ ရှေးဦးမီးငြိမ်းသတ်ရေး အစီအစဉ်များ၊ မီးဘေးအန္တရာယ် ရုတ်တရက် ဖြစ်ပွားလာပါက အမြန်ဆုံးနှင့် အထိရောက်ဆုံး ငြိမ်းသတ်နိုင်ရန် ကြိုတင်သရုပ်ပြ ဆောင်ရွက်ခြင်း၊ ဈေးအတွင်း လျှပ်စစ်အသုံးပြု ရာတွင် ဝါယာကြိုးများအား စနစ်တကျ သွယ်တန်းခြင်းနှင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲကြရန်၊ မီးသတ် ဆေးဘူးအသုံးပြုပုံနှင့် မီးငြိမ်းသတ်ယာဉ် (၂)စီးဖြင့် ရေပက်ဖျန်းခြင်းအား ဈေးသူဈေးသားများ ရှေ့တွင် လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခဲ့သည်။

မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူလူထုအား မီးဘေးအန္တရာယ် အပါအ၀င် သဘာ၀ ဘေး အန္တရာယ်နှင့် အခြားသော မတော်တဆမှုများ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် ဆောင်ရွက်ပေးခြင်း၊ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးလောင်မှု ကြီးများ မပေါ်ပေါက် စေရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက် ရှိကြောင်းသိရသည်။

ကိုမင်း(မိုးညို)