ဆိပ်ဖြူမြို့နယ်တွင် ဆောင်းသီးနှံ ကုန်းကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၊ ဈေးကောင်း ရရှိရန် မျှော်လင့်

ဆိပ်ဖြူ ဇန်နဝါရီ  ၇

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဆောင်းသီးနှံ ကြက်သွန်နီစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းသဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိသည်။

ဆိပ်ဖြူမြို့နယ်တွင် တောင်သူအများစုသည် ကြက်သွန်နီကို ဆောင်းသီးနှံထုတ်ကုန်အဖြစ် အဓိကထား၍ နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော်မှ စတင်ကာ ကိုင်းမြေနှင့် ကုန်းမြေများ၌ မိသားစုဝင်ငွေအတွက် စိုက်ပျိုးထုတ်လုပ်ကြပြီး လက်ရှိတောင်သူများ စိုက်ပျိုးခဲ့သည့်  ကြက်သွန်နီ အသစ်များ ပေါ်ထွက်ချိန် ဈေးကွက်အတွင်း ကြက်သွန်နီ အသစ် တစ်ပိဿာလျှင် ၄၀၀ ကျပ်မှ ၄၇၅ကျပ်အထိလည်း ကောင်း၊ ကြက်သွန်နီ အဟောင်း တစ်ပိဿာ ၃၀၀ကျပ်မှ ၃၂၅ကျပ်အထိသာ ဈေးရရှိနေကြောင်း၊ ဆိပ်ဖြူ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ အဟောင်းအဝင်နည်းလာသော်လည်း ကြက်သွန်နီအသစ်များ တစ်ရက်ကုန်ချိန် နှစ်သောင်းအထက် ဝင်လာလျက်ရှိကြောင်း၊ နောက်ပိုင်း ကြက်သွန်နီအသစ်များ လှိုင်လှိုင်တူးဖော်ကြလျှင် အသစ်များ အဝင်များတော့မည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးထားသည့် ကြက်သွန်နီအခင်းများ အောင်မြင်ဖြစ်ထွန်းမှု ကောင်းသော်လည်း လက်ရှိပေါက်ဈေးနှင့်ဆိုလျှင် ကြက်သွန်နီ တူးဖော်စရိတ်နှင့် တင်ပို့စရိတ် အရှုံးရှိမည်ဖြစ်ကြောင်း မိမိကိုယ်ပိုင် ကြက်သွန်နီ စိုက်ခင်း မြေပြင်၊ စိုက်ပျိုး ၊ရေသွင်း ၊မြေဩဇာ၊ ဆေးဖြန်းခြင်း၊ အလုပ်သမားစရိတ်များအပါ တူးဖော်ပြီးသည်အထိ သွင်းအားစုနှင့် ထုတ်လုပ်တင်ပို့ စရိတ် ကျပ်သိန်း ၂၀ ခန့် ကုန်ကျပြီး စိုက်ခင်းငှားရမ်း စိုက်ပျိုးသူများအနေဖြင့် ကျပ် ၂၃ သိန်းခန့် ကုန်ကျပြီး ကြက်သွန်နီ တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၆၀၀ ကျပ်ထိ ဈေးနှုန်းကျော်မှသာ အရင်းသာ ရရှိမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ဈေးကွက်ရရှိရန် မျှော်လင့်ကြောင်း၊ တင်ပို့ ရောင်းချသည့် ကုန်သည်များအနေဖြင့် လက်ရှိပေါ်ထွက်သည့် ဥစိုက်ကြက်သွန်နီများက အလျော့ တွက်မြန်သည့် အတွက်  တာရှည်သိုလှောင်မှုအတွက် အဆင်မပြေသလို ထိခိုက်ပျက်စီးမှုရှိခြင်း ကြောင့် ကြက်သွန်နီ အပင်စိုက်နှင့် ချောင်းပေါ်ကြက်သွန်နီများကိုသာ တာရှည်အထားခံသည့် အတွက် ဝယ်ယူသိုလှောင်တင်ပို့ကြကြောင်း၊ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကြောင့် တင်ပို့ ရောင်းချမှု လမ်းကြောင်း အဆင်မပြေမှုများရှိပြီး  ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်သာ အဓိကထားတင်ပို့နေပြီး မူဆယ်နှင့် မြဝတီမြို့များကို အနည်းငယ်သာတင်ပို့နေရကြောင်း ကြက်သွန်နီ စိုက်ပျိုးသူ တောင်သူများနှင့် တင်ပို့ရောင်းချသူ ကုန်သည်များထံမှ သိရသည်။       

စိုးလင်းနိုင်(IPRD)