စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲနှင့် မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်တွေ    ဇန်နဝါရီ   ၂၂

ရခိုင်ပြည်နယ်စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဗြိတိသျှအင်္ဂလိပ်တို့သည် ၁၈၂၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကြောင့် ရန္တပိုစာချုပ်အရ ရခိုင်ဒေသကိုသိမ်းပိုက်ပြီး ၁၈၂၆ ခုနှစ်တွင် စစ်တွေမြို့ကို တည်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် မြို့သက်တမ်းသည် နှစ်(၂၀၀)ရှိပြီဖြစ်ကြောင်း၊ သက်တမ်း ကာလ ရာပြည့်ကိန်းဂဏန်းတစ်ခုကို ကြုံတွေ့ရသည်မှာ လူ့ဘဝသက်တမ်း တစ်လျှောက်တွင် ကြုံတောင့်ကြုံခဲဖြစ်ကြောင်း၊ မြို့သက်တမ်းနှစ်(၂၀၀)နှင့်အညီ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား၂၀၀ကို ရွေးချယ်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အဘိုးအဘွားများအတွက် အဘိုးအဘွားတစ်ဦးကို (၁၁၀,၀၀၀)ကျပ် ကန်တော့ သွားမည်ဖြစ်ကြောင်း၊ စစ်တွေမြို့ကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အဘက်ဘက်ကဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားပြုပြင်ဆောင်ရွက်ပေးနေသည်ကို တွေ့မြင်နေကြရမည်ဖြစ်ကြောင်း၊ သာယာလှပသည့်မြို့တော်ကြီးတစ်ခုဖြစ်အောင် ကြိုးစားလုပ်ဆောင်နေကြောင်း၊ ကြိုးစားဆောင်ရွက်နေကြသည်ကိုလည်း အဘိုးအဘွားတို့မြင်တွေ့မည်ဖြစ်ပြီး သာဓုခေါ်ဆိုနိုင်ကြမည်ဖြစ်ကြောင်း၊ ကန်တော့ခံကြသည့် အဘိုးအဘွားများထဲတွင် မိမိတို့၏ မိခင်၊ ဖခင်အရွယ်၊ အဘိုးအဘွား၊ သင်ဆရာ၊ မြင်ဆရာများလည်း ပါရှိမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပူဇော်ရခြင်းကြောင့် အပြစ်များကျေအေးခြင်း၊ သည်းခံခွင့်လွတ်ခြင်း၊ ကောင်းကျိုးချမ်းသာမင်္ဂလာအလုံးစုံကို ခံစားရရှိစေကြောင်း ပြောကြားသည်။

ထို့နောက် ပွဲတော်ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌက သက်ကြီးပူဇော်ပွဲ ကျင်းပခြင်းနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်ဧည့်ပရိသတ်များက သက်ကြီး အဘိုးအဘွားများအား ကန်တော့ကြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်များက သက်ကြီးပူဇော်ပွဲအတွက် အလှူငွေများပေးအပ်လှူဒါန်းကြပြီး ဘိုးဘွားများအား အလှူငွေများပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် ပူဇော်ခံ အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် ကျင်းပရေးကော်မတီ ရခိုင်ယဉ်ကျေးမှုအဖွဲ့က ရခိုင်ယိမ်းအကများဖြင့် ကပြဖျော်ဖြေကြသည်။ ဆက်လက်၍ စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ် ဗီဒီယိုအားပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ရခိုင်ယဉ်ကျေးမှုယိမ်းအကအဖွဲ့အား ချီးမြှင့်ငွေများ ပေးအပ်ကာ အဘိုး၊ အဘွားများအား ရင်းရင်းနှီးနှီးတွေ့ ဆုံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးခြင်း၊ စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး မှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး မှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို  ကြည့်ရှု အားပေးကြ သည်။

စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခြင်းကို စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌  လစဉ်စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

တင်ထွန်း (ပြန်/ဆက်)ဓာတ်ပုံ- ဝင်းမင်းစိုး