ကျောက်ဖြူမြို့ အ-ထ-က(၂) ကျောင်း၌ “လူငယ်စကားဝိုင်း” ကျင်းပ

ကျောက်ဖြူ  ဇန်နဝါရီ  ၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ဇန်နဝါရီ ၂၁ ရက် နံနက် ၁၀ နာရီခွဲက အ-ထ-က(၂)ကျောင်းတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်း အုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းသူက လူငယ်များ စာဖတ်စွမ်းရည်တိုးတက်မြင့်မားစေရေး၊ အသိဉာဏ်ပညာဗဟုသုတတိုးပွားကာ လမ်းမှား မရောက်စေရေး၊ ရည်မှန်းချက်ထားရှိပြီး စာပေကိုကြိုးစားသင်ယူစေရေး၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ မပျောက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ စာဖတ်ရှိန်မြင့်တင်ရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များ ဖြစ်လာစေရေး စသည့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ် ပါဝင်ဆောင်ရွက်ပြီး အထက(၂)ကျောင်းမှ Grade–10 ကျောင်းသူ မရွှေဇင်လင်းလက်က လူငယ်နှင့်စာပေ” ‌ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–11 ကျောင်းသူ မအီကိုဇင်က “လူငယ်နှင့် ယဉ်ကျေးမှု” ‌ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–8 ကျောင်းသား မောင်မျိုးမင်းသူက  ““လူငယ်နှင့် စာရိတ္တ” ‌ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–10 ကျောင်းသူ မစုမြတ်လင်းက “လူငယ်နှင့်ကျန်းမာရေး” ‌ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးပြောကြား ချက်များအပေါ် မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဖြေကြားပြီး ဆွေးနွေးပွဲတွင်ပါဝင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ဒေသဖွံ့ဖြိုးရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)