ရန်ကုန် ဇန်နဝါရီ ၇
ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချနိုင်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ဘေးအန္တရာယ်ဒဏ်ခံနိုင်ရည်ရှိသော လူမှု အသိုက်အဝန်း ဖြစ်စေရေး၊ ထိရောက်သည့် ကယ်ဆယ် တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အကောင်အထည်ဖော် နိုင်ရေးနှင့် ပြည်သူများအား ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ရည်ရွယ်၍ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ပံ့ပိုးထောက်ပံ့မှုဖြင့် Asian Disaster Preparedness Center (ADPC) မှ စီမံခန့်ခွဲမှု ဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အံ့ကြီးအနောက်ရပ်ကွက် ဗိုလ်ချုပ် လမ်းမကြီးဘေးရှိ အစိုးရ ပိုင်မြေပေါ်တွင် သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်သော Public Shelter ဘက်စုံသုံး အဆောက် အဦကို ၂၀၂၁ ခုနှစ် အတွင်း ၈ လ ဖြင့် အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။
“ကျွန်မတို့ မြို့နယ်အတွက် သဘာဝဘေးဒဏ်ခံနိုင်တဲ့ အဆောက်အဦ ကို ADB ရဲ့ ပံ့ပိုးမှု အမေရိကန် ဒေါ်လာ ၁ သိန်း ၉ သောင်း ကုန်ကျခံပြီးတော့ ADPC က စီမံခန့်ခွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမှာပါ၊ မြေအတွက် တန်ဖိုးမပါဘူး၊ အဆောက် အဦ အတွက်ပဲဖြစ်ပါတယ်၊ ဒီစီမံကိန်း အကောင်အထည်ဖော်ဖို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ ADB နဲ့ ADPC တို့ ပူးပေါင်းပြီး စည်ပင်သာယာ နယ်နိမိတ် (၃၃)မြို့နယ်ထဲကနေ ရွေးချယ်လိုက်တယ်၊ မီးဘေး၊ လေဘေး၊ ရေဘေး စတဲ့ သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေရှိတဲ့ ပင်လယ်ရဲ့ထွက်ပေါက်၊ ရန်ကုန်မြစ် နဲ့ နီးကပ်ပြီး ချောင်းများ ရှိသော ဒလမြို့နယ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက အမှတ်ပေးပြီးတော့ ပထမအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်၊ ဒုတိယအဖြစ် မြောက်ဥက္ကလာပ မြို့နယ်ကို ရွေးချယ်ခဲ့တယ်၊ ဒလမြို့နယ်မှာက အခြေခံလူတန်းစားနဲ့ ကျူးကျော် နေထိုင်သူတွေ လည်း များတယ်၊ သဘာဝဘေးကြံ့ကြံ့ခံနိုင်တဲ့ အခြေခံအဆောက်အဦမရှိသလောက်နည်းတယ်၊ ကိုယ့်မြို့နယ်မှာ သဘာဝဘေးဒဏ် ခံနိုင်တဲ့ အဆောက်အဦ ရှိတဲ့အခါကျတော့ ပြည်သူတွေအတွက် ဘေးကင်း လုံခြုံရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလည်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်၊ ဒါ့အပြင် ဒီအဆောက်အဦကို ပြည်သူတွေ ဘက်စုံသုံးနိုင်အောင်လည်း ရည်ရွယ်ပြီးတော့ တည်ဆောက်သွားမှာဖြစ်ပါတယ်” ဟု ဒလမြို့နယ်၌ သဘာဝဘေးအန္တရာယ် ဒဏ်ခံနိုင်သည့် Public Shelter ဘက်စုံသုံး အဆောက်အဦ တည်ဆောက်မည့် စီမံကိန်းနှင့် ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည် က ပြောသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်သည့် Public Shelter တည်ဆောက်ရာတွင် သောက်သုံးရေ ရှားပါးမှု အခက်အခဲ မရှိစေရေး အတွက် ရေလှောင်ကန်၊ လျှပ်စစ်မီးပျက်ပါက Solar စနစ်ဖြင့် မီးရရှိရေး၊ ဒေသခံပြည်သူ များအတွက် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်သော ဘက်စုံသုံးနိုင်သည့် အဆောက်အဦ ဖြစ်စေရေး အတွက် ထည့်သွင်းတည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။
ဒလမြို့နယ်၌ Public Shelter အဆောက်အဦ တည်ဆောက်နိုင်ရေးအတွက် မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့မိမြို့ဖများ၊ အံ့ကြီးအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်နေပြည်သူတို့ ပါဝင်ဆွေးနွေးခဲ့ပြီး အဆောက်အဦ တည် ဆောက်မည့် မြေနေရာအား ရွေးချယ် သတ်မှတ်ခဲ့ကြောင်း၊ ဒလ မြို့နယ်၌ မြေနေရာအတွက် စီမံမပေးနိုင်ပါက ဒုတိယရွေးချယ်ခံ ထားရသော မြောက်ဥက္ကလာပမြို့နယ်တွင် ရွေးချယ် တည်ဆောက် သွားနိုင်ကြောင်း၊ အဆိုပါ အဆောက်အဦကို ၂၀၂၁ ခုနှစ်တွင် ဖေဖော်ဝါရီလတွင် စတင်နိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး တည်ဆောက်ချိန် ၈ လ ဖြင့် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ သြဂုတ်လ အပြီး သတ်မှတ် ထားသော်လည်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု နှင့် ဆွေးနွေးအတည်ပြုချက် ကြန့်ကြာမှုကြောင့် အောက်တိုဘာလတွင် ပြီးစီးနိုင်ရန် ခန့်မှန်းထားကြောင်း ၎င်းက ဆက်လက် ပြောသည်။
အာရှဖွံ့ဖြိုးရေးဘဏ်(ADB) အနေဖြင့် လူထုလူမှုအဖွဲ့အစည်းများ၏ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးရေး စီမံကိန်း (JFPR- ADB Grant) အထောက်အပံ့ဖြင့် ဒလမြို့နယ်အတွင်း ရပ်ကွက် သုံးရပ်ကွက်ရှိ ပြည်သူများ သန့်ရှင်းသော ရေရရှိသုံးစွဲနိုင်ရန်၊ လူမှုဘဝနေထိုင်မှု အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ၊ ရပ်ကွက်အဆင့် အခြေခံအဆောက် အအုံနှင့် ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ အံ့ကြီးအနောက်ရပ်ကွက်၌ သောက်သုံးရေသန့်စက် ၃ ခု ၊ (၆)နံပါတ် ရပ်ကွက်၌ ရေသန့်စက် ၂ ခု၊ ၁၁/၁၄ ရပ်ကွက်၌ ရေသန့်စက် ၁ ခု၊ စုစုပေါင်း ရေသန့်စက် ၆ ခုတို့ကို တည်ဆောက်ပေးထားပြီး၊ သောက်သုံး ရေကန်များအား ခြံစည်းရိုးကာရံခြင်း၊ အမှိုက်သိမ်းကား ၊ လက်တွန်းလှည်း ၊ အမှိုက်အိတ် စသည့် အမှိုက်သိမ်း စနစ် တို့ကို စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။ ထို့အတူ လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက် နှစ်ရပ်ကွက်အား အလားတူ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးထားကြောင်းသိရသည်။
နိုင်လင်းကျော်(ဒလ)