မကွေး ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီးမှာ ယမန်နေ့က တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ် ပိုးတွေ့ အတည်ပြုလူနာ (၁၇) ဦး ထပ်တိုးတွေ့ရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်း(၂၇၀၄)ဦးထိ ရှိလာ ကြောင်း သိရသည်။
ရခိုင်၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ဧရာဝတီ၊ မန္တလေးနဲ့ မကွေး ပိုးတွေ့ ပိုများလာတာကိုလည်း ဒေသအလိုက် တွန်းလှန်ထိန်းချုပ်ဖို့ ကြိုးစားနေဆဲပါ၊ ပြည်ပက အနောက်ဖက်က ဗီဇအသွင်ပြောင်းပိုး ရောက်မလာဖို့ စောင့်ကြပ်ကြည့်ရှုနေဆဲဖြစ်ပါတယ်၊ မကွေးတိုင်း ဒေသကြီးမှာ ပိုးတွေ့သူ စုစုပေါင်း (၂၇၀၄)ဦး ရှိခဲ့တဲ့ အနက် ကျန်းမာရေးဝန်ထမ်း (၅၉)ဦး ပါဝင်ခဲ့ပါတယ်၊ ဆရာဝန်က(၄)ဦး၊ သူနာပြု နဲ့ ဆေးရုံ ဝန်ထမ်း က(၃၃)ဦး၊ အခြေခံကျန်းမာရေးဝန်ထမ်းတွေက(၂၂)ဦး ဖြစ်ပါတယ်၊ ရန်ကုန် နဲ့ ရခိုင်ကို အကူ Volunteer စေလွှတ်ခဲ့တဲ့ ဝန်ထမ်း နှစ်ရာနီးပါးထဲက(၁၅)ဦး ကူးစက် ခံခဲ့ရပါတယ်၊ အဆိုးမြင် တွေကို လစ်လျူရှုပြီး၊ တစိုက်မတ်မတ် အားကြိုးမာန်တက် ကြိုးစားဆောင်ရွက်ပေးနေကြတဲ့ ကျန်းမာ ရေးဝန်ထမ်းအားလုံးကို ဦးညွတ်ဂုဏ်ပြုပါတယ်၊ တာဝန်ခံ အကူအညီပေးကြတဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးနှင့် လူမှုကူညီရေးအဖွဲ့များ ကိုလည်း အထူးလေးစား ကျေးဇူးတင် ပါတယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာသောင်းလှိုင်က ပြောပါတယ်။
တိုင်းဒေသကြီးအတွင်းမှာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံက ဆင်းခွင့်ရသူတွေရှိသလို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေက ဆက်လက်ရှိနေဆဲပါ၊ ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာ တွေက NHL နဲ့ RDT စစ်ဆေးမှုအရ စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ(၁၇)ဦး ထပ်တိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်၊ ဒီနေ့တွေ့ရှိတဲ့ ပိုးတွေ့အတည်ပြု လူနာတွေက တောင်တွင်းကြီးက(၇)ဦး၊ မင်းဘူးက(၄)ဦး၊ စလင်းနဲ့ ချောက်က(၂)ဦးစီ၊သရက်နဲ့ ပွင့်ဖြူက (၁)ဦးစီတို့ဖြစ်ပါတယ်၊ ပိုးတွေအတည်ပြုလူနာတွေထဲက မင်းဘူး က(၃)ဦး ချောက် က (၁) ဦး တောင်တွင်းကြီး(၁)ဦးနဲ့ ပွင်းဖြူ(၁)ဦးတို့က အနံ့ပျောက်လက္ခဏာပြလူနာ တွေဖြစ်ပြီး၊ နောက်ထပ် တောင်တွင်း ကြီးက (၆)ဦး၊ မင်းဘူး(၁)ဦးနဲ့ ချောက်က(၁)ဦးက ပိုးတွေအတည် ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာ ကန့်သတ် ထားသူတွေပါ၊ သရက်(၁)ဦးက ရန်ကုန်ပြန် ဖြစိပြီး၊ စလင်း(၂)ဦးက ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေဖြစ်တယ်လို့ တိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က အတည်ပြု ပြောကြားသည်။
လက်ရှိမှာ မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့ အတည် ပြုလူနာ စုစုပေါင်း(၂၇၀၄)ဦးထိ ရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူ(၂၆၄)ဦးနဲ့ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံ ဆင်းခွင့်ရရှိသူ(၂၄၃၂)ဦး ရှိကာ သေဆုံးသူ က(၈)ဦးရှိကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
သန်းနိုင်ဦး(ငဖဲ)