မြဝတီမြို့ရှိ ဘုရင့်‌နောင်ဈေးတွင် နှာခေါင်းစည်းမပါဘဲ ဈေးရောင်းချသူများနှင့်ဈေးဝယ်သူများကို အခုဝယ်အခုတပ်စနစ်ဖြင့် ဆောင်ရွက်

မြဝတီ ဇန်နဝါရီ ၇

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေကြသည့် ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေးအသိပညာ ပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်း မြဝတီမြို့ရှိ ဘုရင့်နောင်ဈေးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြဝတီခရိုင်ပြည်သူ့‌ဆေးရုံကြီးမှ ကျန်းမာ‌ရေး ဝန်ထမ်းများ၊စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် ဈေးကော်မတီဝင်တို့က ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ဈေးများတွင် နှာခေါင်းစည်းမပါဘဲ ရောင်းချနေသောဈေး သည်များနှင့်ဈေးဝယ်သူ များအား နှာခေါင်းစည်း တစ်ခုကို ငွေကျပ် ငါးဆယ်နှင့်ဒဏ်ကြေးငွေ ၁၅၀ ကျပ် စုစုပေါင်းငွေကျပ် ၂၀၀ ကျပ်နှုန်းဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်သွားရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်