ပခုက္ကူ ဇန်နဝါရီ ၂၄
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ (၂၅)နှစ်ပြည့်ငွေရတုအထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ပထမဦးစွာ ပခုက္ကူတက္ကသိုလ်၏ (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ တက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက္ကသိုလ်ဝန်းအတွင်း စုပေါင်းသစ်ပင်စိုက်ပျိုးကြကာ ဝိဇ္ဇာနှင့်သိပ္ပံ ဘာသာရပ်ဌာန(၁၄)ခုအလိုက် လက်တွေ့သုတေသနပြုလုပ်ဖန်တီးထားသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ သမိုင်းကြောင်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများနှင့် စာအုပ်စာပေပြခန်းများ၊ (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်လာသည့် တည်ဆောက်ရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ စနစ်တကျခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ တက္ကသိုလ်၊ ပင်မဆောင်(ဘွဲ့နှင်းသဘင်)ခန်းမ၌ (၂၅)နှစ်ပြည့်ငွေရတုအထိမ်းအမှတ် “Challenges of Climate Change National Interests and Enhancing Cooperations” ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းဖတ်ပွဲကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်တို့က ဂုဏ်ပြုအမှာစကားပြောကြားကြပြီး ပခုက္ကူတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် ပါမောက္ခချုပ်(ငြိမ်း) ဦးစိုးမြင့်နှင့် ဒုတိယပါမောက္ခချုပ်(ငြိမ်း)တို့က သုတေသနစာတမ်းများ ဂုဏ်ပြုဖတ်ကြားကြပြီး မကွေးတိုင်းဒေသကြီးအဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများက ဆုရရှိခဲ့သော တေးသီချင်းအကများ၊ ပခုက္ကူတက္ကသိုလ်အနုပညာအသင်းဝင် ကျောင်းသား၊ ကျောင်းသူများက တက္ကသိုလ်တေးသီချင်းများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတေးသီချင်းအကများဖြင့် ဂုဏ်ပြုသီဆိုကပြဖျော်ဖြေခဲ့ကြသည်။
ပခုက္ကူတက္ကသိုလ်၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲတွင် “Challenges of Climate Change National Interests and Enhancing Cooperations” ခေါင်းစဉ်နှင့် သက်ဆိုင်သည့် သုတေသနစာတမ်းပေါင်း (၃၇) စောင်ကို တက္ကသိုလ်အသီးသီးမှ စာတမ်းရှင်များက ဂုဏ်ပြုဖတ်ကြားခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)