ချောင်းဦး ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်စိုက်ပျိုးနည်းပညာပြန့်ပွားရေး စင်တာ နယ်မြေအတွင်းရှိ ကြက်သွန်နီ စိုက်ခင်းများသို့ ပိုးမွှားရောဂါကျရောက်မှု နည်းပါးစေရန်၊ အထွက်နှုန်းတိုး တက်စေရန်နှင့် ဓာတုဆေးလျှော့ချ၍ သဘာဝဆေးများ အစားထိုးအသုံးပြုပြီး စိုက်ပျိုးနိုင်စေရန် တမာမြိုင် ရပ်ကွက်နှင့် ချောင်းဦး တောင်ရပ်ကွက်ရှိ စိုက်ခင်းများသို့ ယနေ့နံနက် ၉ နာရီ အချိန်က ကွင်းဆင်း ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းပညာပေးဆောင်ရွက်ရာတွင် ခင်မွန်စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာ တာဝန်ခံ ဦးအောင်ဆွေဦးက ကြက်သွန်နီစိုက်ခင်းများတွင် အဓိကကျရောက်တက်သော ဖျက်ပိုး၊ ရောဂါများ ကာကွယ်နှိမ်နင်းနည်းအား ပညာပေး ဆွေးနွေးခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးသီးနှံ များထုတ်လုပ်နိုင်ရေး အတွက် ဓါတု ဓာတ်ကြွင်း အန္တရာယ် အကြောင်း၊ PHI ( pre Harvest Interval) ကိုလိုက်နာရန်၊ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ချောလေးက ဓာတ်မြေသြဇာ ကို အလွန်အကျွံမသုံးစွဲပဲ အချိန်ကိုက်အချိုညီသုံးစွဲရန်၊ မြေဆီလွှာပျက်ဆီးမှု့ အန္တရာယ်မှလျှော့ချနိုင်ရန် နှင့်မြေအစိုဓါတ် ကြာရှည်စွာ ထိန်းသိမ်း ထားနိုင်ပြီး ကုန်ကျစရိတ် သက်သာသည့် သဘာဝမြေသြဇာ၊ စူပါဘိုကာရှီ၊ အမြန်သုံး စူပါဘိုကာရှီများ ပြုလုပ်သုံးစွဲရန် ဆွေးနွေးပြောကြားခဲ့သည်။
၎င်းနောက် ခင်မွန်စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာနယ်မြေမှ ကွင်းဆင်းပညာပေး ဝန်ထမ်းများသည် ကြက်သွန်နီ စိုက်ပျိုးချိန်တွင် ဖျက်ပိုး၊ မှိုရောဂါများ ကျရောက်ခြင်းအန္တရာယ်မှ ကာကွယ်ရန် ကုန်ကျစရိတ် သက်သာသည့် သဘာဝ ပိုးသတ်ဆေး ၊ မှိုသတ်ဆေး နှင့် အားဆေး ပြုလုပ်နည်းနှင့် သုံးစွဲနည်းတို့အား တက်ရောက် လာသည့် တောင်သူများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ကွင်းဆင်းပညာပေးဆောင်ရွက်ရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ချောလေး၊ ခင်မွန် စိုက်ပျိုးနည်း ပညာပြန့်ပွားရေးစင်တာ တာဝန်ခံ ဦးအောင်ဆွေဦးနှင့် ကွင်းဆင်းပညာပေး ဝန်ထမ်းများ၊ တမာမြိုင ်ရပ်ကွက်နှင့် ချောင်းဦးတောင်ရပ်ကွက်မှ ကြက်သွန်နီ စိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)