စစ်တွေ ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၌ ကုလားတန်မြစ်ကြောင်း သောင်တူးဖော်နိုင်ရန် သောင်တူးဖော်ရေး သင်္ဘောရောက်ရှိနေမှု သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဆိပ်ကမ်းအရာရှိချုပ်က ကုလားတန်မြစ်ကြောင်း၏ ရေစူးအတိမ်အနက် အခြေအနေများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၏ ရေစူးအတိမ်အနက်အခြေအနေများ၊ ဘက်စုံသုံးဆိပ်ကမ်း၏ ရေစူးအတိမ်အနက်များ၊ မြစ်ကြောင်းတူးဖော်ဆောင်ရွက်ရမည့် အခြေအနေများ၊ တူးဖော်သွားမည့် အစီအမံများ၊ သင်္ဘောများ ဝင်ရောက်ဆိပ်ကပ်နေမှုများ၊ ကုန်ပစ္စည်းများ အတင်အချ ပြုလုပ်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက်အကြံပြုရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်၏ ရာသီဥတုအခြေအနေ အပေါ်မူတည်၍ လုပ်ငန်းများကို စောလျင်စွာ ပြီးစီးအောင် စနစ်တကျ ဆောင်ရွက်ကြရန်မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သောင်တူးသင်္ဘောပေါ်မှ တူးဖော်မည့် မြစ်ကြောင်းအခြေအနေအား ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၃ ရက် ညနေပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်၌ ကျင်းပသော စစ်တွေမြို့တည် နှစ်(၂၀၀) ပြည့်ပွဲတော် အောင်မြင်ခြင်းအထိမ်းအမှတ် မီးပုံးပျံလွှတ်တင်ပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် လောကာနန္ဒာစေတီ တော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စေတီတော်ရင်ပြင်၌ ဌာနဆိုင်ရာများ၊ စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်အတူ နှစ်(၂၀၀)ပြည့်ပွဲတော် အောင်မြင်ခြင်းအထိမ်းအမှတ် အမြင့် ၃၅ ပေ၊ အချင်း ၃၀ ပေ၊ မီးလုံး၊ မီးသွယ်များဖြင့် အလှဆင်ထားသည့် မီးပုံးပျံလွှတ်တင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ဦးစွာ မီးပုံးပျံလွှတ်တင်ရေးအဖွဲ့မှ မီးပုံပျံအား မှိုင်းဝအောင် ဆောင်ရွက်ပေးကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မီးပုံးပျံ၏ မီးစာကို မီးထွန်းညှိပေးကာ မီးပုံးပျံကို လွှတ်တင်ပူဇော်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများသည် ဝင်္ကဘာကွင်း၌ ကျင်းပလျက်ရှိသော စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲသို့ သွားရောက်ကြည့်ရှုအားပေးကြပြီး ဈေးပွဲတန်းအတွင်း လှည့်လည်ကြည့်ရှုကြကာ ပွဲတော်သို့ လာရောက်ကြည့်ရှုအားပေးကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။
စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲတွင် ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင်များ၊ နိုင်ငံကျော်အဆိုတော်များ၊ ရခိုင်ဂန္တဝင်အဆိုတော်များ၊ ရခိုင်အဆိုတော် များနှင့် ရခိုင်တေးသံရှင်များက သီဆိုဖျော်ဖြေကြပြီး ယဉ်ကျေးမှုယိမ်းအကအဖွဲ့များနှင့် စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် ကျင်းပရေးကော်မတီ ရခိုင်ယဉ်ကျေးမှုအဖွဲ့မှ ရခိုင်ယိမ်းအကများဖြင့် ကပြဖျော်ဖြေလျက်ရှိရာ ပွဲတော်မှာ အထူးစည်ကားလျက်ရှိသည်။
ထို့အတူ စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြခန်းနှင့် ရှေးဟောင်းအမှတ်တရနှင့် ကဗျာ၊ ကာတွန်းပြခန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနပြခန်း၊ ပန်းချီးအနုပညာပြခန်း၊ အမှတ်တရပစ္စည်းအရောင်း ပြခန်း များအား ဖွင့်လှစ်ပြသလျက်ရှိရာ လာရောက်လေ့လာကြည့်ရှုကြသူများဖြင့် အထူးစည်းကား လျက်ရှိပြီး နေ့လယ်ပိုင်းတွင်လည်း အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ကံစမ်းမဲဖောက်ပေးခြင်း အစီအစဉ်များဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရသည်။
တင်ထွန်း (ပြန်/ဆက်)