ဗန်းမောက်မြို့နယ်တွင် ဆောင်းမြေပဲစိုက်ခင်းအတွင်း ‌ရေဆင်း (၁) စပ်မျိုးနေကြာ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းသရုပ်ပြ

ဗန်းမောက် ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း လယ်သီးထပ်စိုက်ပျိုးနိုင်ရန် ဆောင်းမြေပဲစိုက်ခင်း အတွင်း ရေဆင်း (၁) စပ်မျိုးနေကြာ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြသမှုကို စက်တောနည်းပညာပေး စင်တာအတွင်းရှိ နားယကာကျေးရွာတွင် ဆောင်းသီးနှံတိုးချဲ့ စိုက်ပျိုးခြင်းနှင့် လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးတို့အတွက် တောင်သူဦးကျော်ဦးနှင့် ဒေါ်ညွန့်မေတို့၏ လယ်ယာမြေ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

စက်တောနည်းပညာပေးစင်တာနယ်မြေအတွင်းရှိ နားယကာကျေးရွာ တောင်သူ ဦးကျော်ဦး၊ ဒေါ်ညွန့်မေတို့၏ လယ်မြေ ကွင်းအမှတ် (၁၉၇) တွင် ရေဆင်း (၁) စပ်မျိုးနေကြာ စိုက်ပျိုးနေမှုအား ကွင်းဆင်းသရုပ်ပြသခြင်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်စိုးနှင့် စိုက်ပညာရှင် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြသည်။

ဗန်းမောက်မြို့နယ်အနေဖြင့် ဆောင်းသီးနှံစုံ စိုက်ပျိုးနိုင်ရန် အမျိုးသားစီမံကိန်း လျာထားချက် မှာ (၃၆၁၁၄) ဧကကျော်ရှိပြီး ဇန်နဝါရီလ ၅ ရက်နေ့အထိ ဧက(၂၅၀၀၀)ကျော်စိုက်ပျိုးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့် မိမိတို့၏ လယ်၊ ယာမြေများအတွင်း သီးထပ်၊ သီးညှပ် စိုက်ပျိုးခြင်းများဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း မိသားစုများ အပိုဝင်ငွေတိုးလာစေရန် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် နည်းစနစ်များ၊ အထွက်တိုးမျိုးများကို စိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိကြောင်း၊ ဒေသခံတောင်သူများအား အခက်အခဲမရှိစေရန် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များကို လေ့လာနိုင်ရန် ဒေသစိတ်အလိုက် သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေး စင်တာနယ်မြေအတွင်းရှိ စိုက်ပညာရှင်တာဝန်ခံများနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်စိုးက ပြောသည်။

ကျော်စွာ(ဗန်းမောက်)