ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦအား အကြီးစား ပြုပြင်နေမှု သွားရောက်ကြည့်ရှုစစ်ဆေး  

စစ်တွေ ဇန်နဝါရီ ၂၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၂၄ ရက်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦအား အကြီးစားပြုပြင်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ရခိုင်ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က ရခိုင်ပြည်နယ်လွှတ်တော် အဆောက် အဦအား အကြီးစားပြုပြင်နေမှု ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ် သယံဇာတရေးရာဝန်ကြီးက ဆက်လက်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဖြည့်စွက်အကြံပြု ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က မကြာမီတတိယအကြိမ် လွှတ်တော်ကျင်းပမည်ဖြစ်သည့်အတွက် အချိန်မီပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွှတ်တော်အဆောက်အဦ ပင်မဆောင်ပြုပြင်ပြီးစီးနေမှု၊ အစည်းအဝေးခန်းမ၊ ရုံးခန်များ ပြုပြင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွှတ်တော်အဆောက်အဦ ပင်မဆောင်အား ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေးထားမှုနှင့်ဆိုလာများတတ်ဆင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစ်စဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွှတ်တော်ရိပ်သာ၊ ထမင်းစားဆောင်နှင့် ရုံးခန်းများအား ပြုပြင်ပြီးစီးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကဒေါ်ဆွေဆွေမြတ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်စင်လစာထုတ်ယူရန် လာရောက်ကြသည့် အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး အငြိမ်းစားဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ပင်စင်လစာ ထုတ်ပေးနိုင်ရန်အတွက် လိုအပ်သော စိစစ်မှုများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးနေမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်နေမှုနှင့် စစ်တွေမြို့၊ ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် ဆန်နှင့်စားသောက်ဖွေရာ များအား ပေးအပ်ချီးမြှင့်ကြသည်။

အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်း ဆောင်ရွက်ရာတွင် ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးမှသမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးရောဂါစစ်ဆေးခြင်းနှင့် အီးစီဂျီရိုက်ပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး လိုအပ်သော ဆေးဝါးများကိုလည်း အခမဲ့ထုတ်ပေးကြသည်။ အလားတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကလည်း အငြိမ်းအစားဝန်ထမ်းများအား တိုင်းရင်းဆေးဝါးများနှင့် ကုသပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး တိုင်းရင်းဆေးများကို အခမဲ့ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆန်နှင့်စားသောက်ဖွေရာများ ပေးအပ်ချီးမြှင့်ခြင်း များကို စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ လစဉ်စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)