ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို နေ့စဉ်အချိန်နှင့် တစ်ပြေး ညီ အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိပြီး ယနေ့ နံနက် ပိုင်းမှစ၍ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မလိုအပ်ဘဲ လူစုလူဝေးဖြင့် နယ်မြေကျော် သွားလာခြင်းမရှိစေရေးနှင့် မြို့နယ်ရပ်ကွက်များ အတွင်း နေအိမ်ပြင်ပသို့ထွက်တိုင်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေးကို အထူးကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ခနောင်တိုအနောက် ရပ်ကွက် ဆိပ်ကြီးခနောင်တို တံတားအဆင်း လမ်းဆုံတွင် မော်တော် ယာဉ်များ အား မလိုအပ်ဘဲ နယ်မြေကျော်ဝင်/ထွက် သွားလာခြင်းမရှိစေရေးနှင့် မြို့နယ် အတွင်းရှိ မြို့မဈေး၊ စက်တပ်ရေယာဉ် (သမ္ဗန်ဆိပ်)အနီး၊ ဗဟိုလမ်း၊ ရှုခင်းသာ မြို့ပတ်လမ်းနှင့် အခြားနေရာများတွင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ၊ အကြောင်း အမျိုးမျိုးဖြင့် နေအိမ်ပြင်ပ သွားလာ သူများအား ပါးစပ်နှင့်နှာခေါင်းစည်း အကာ အကွယ် Mask စနစ်တကျတပ်ဆင်ပါရှိရေး ကြပ်မတ်စစ်ဆေးခြင်းနှင့် အကာအကွယ် Mask မပါရှိသူ များအား စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေဆောင်စေပြီး Mask တစ်ခုပေးကာ ချက်ချင်း စနစ်တကျ တပ်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ပညာပေးပြောကြားခြင်းတို့ကို ဆောင်ရွက် လျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ဇန်နဝါရီ(၆)ရက်နေ့ ည(၈)နာရီအချိန်ထိ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြု လူနာ(၄၃၂)ဦးရှိပြီး သေဆုံးသူ (၁၅)ဦး ရှိပြီဖြစ်၍ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို နေ့စဉ် အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရ သည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)