ပွင့်ဖြူမြို့နယ်၌ မိုးရာသီစိုက်ပျိုးသည့် ကြက်သွန်နီစိုက်ခင်းများ စတင်သိမ်းဆည်း၊ ဈေးနှုန်းကျဆင်းနေ၍ စိုက်ပျိုး တောင်သူများ အကျိုး အမြတ်နည်းပါး

ပွင့်ဖြူ     ဇန်နဝါရီ       ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မိုးရာသီတွင်စိုက်ပျိုးခဲ့သည့် ကြက်သွန်နီစိုက်ခင်းများ ယခုလဆန်းပိုင်းတွင် စတင်နှုတ်သိမ်းနေကြပြီဖြစ်ကြောင်း သိရကာ လက်ရှိတွင် ကြက်သွန်နီ ဈေးနှုန်းများ ကျဆင်းနေသဖြင့် သီးနှံဝင်ငွေ အကျိုးအမြတ်နည်းပါး၍ ဈေးကောင်းရရှိရန် တောင်သူများက မျှော်လင့်လျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် အနောက်လေးအိမ်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း ) စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ စိုက်ပျိုးသည့် သီးနှံများမှာ စပါး ၊ နှမ်း ၊ မြေပဲ ၊ ပဲတီစိမ်း ၊ ပဲထောပတ် ၊ နေကြာ ၊ ကုလားပဲသီးနှံနှင့် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ်တွင် တောင်သူများ မိုးရာသီစိုက်ပျိုးခဲ့သည့် ကြက်သွန်နီစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိကာ တစ်ဧကလျှင် ပျမ်းမျှ ကြက်သွန်နီ ပိဿာချိန် ၃၀၀၀ ခန့် ထွက်ရှိကြောင်း၊ လက်ရှိတွင် ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၄၀၀ နှုန်းဖြင့် ရောင်းချနေရ၍ တောင်သူသီးနှံဝင်ငွေ အကျိုးအမြတ်နည်း ပါးသဖြင့် လုပ်ငန်းအခက်အခဲများ ကြုံတွေ့နေရ ကြောင်း သိရသည်။

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ဒေသခံတောင်သူတွေ မိုးရာသီက စိုက်ပျိုးခဲ့တဲ့ ကြက်သွန်နီစိုက်ခင်းတွေ စတင် နှုတ်သိမ်း နေကြပြီဖြစ် ပါတယ်။ စောစောပိုင်းက နှုတ်ကြတဲ့တောင်သူတွေကတော့ ကြက်သွန်အထွက်နှုန်း နည်းပေမယ့် ခုရက်ပိုင်းမှာ နှုတ်သိမ်းကြတဲ့ တောင်သူ တွေကတော့ အထွက်နှုန်းကောင်းမွန်ကြပါတယ်။ ပျမ်းမျှအနေနဲ့ တစ်ဧကကို ကြက်သွန်နီပိဿာချိန် ၃၀၀၀ ခန့် ထွက်ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်က ယခုလို မိုးကြက်သွန်နီတွေ လှိုင်လှိုင်ပေါ်ချိန်မှာ တစ်ပိဿာ ကို ငွေကျပ် ၁၅၀၀ ၊ ၂၀၀၀ နှုန်းနဲ့ ရောင်းချရတော့ ကြက်သွန်နီ စိုက်ပျိုးတဲ့တောင်သူတွေ အားလုံးအဆင်ပြေကြပါတယ်။ ယခုနှစ်မှာတော့ ကြက်သွန်နီဈေးနှုန်းက တစ်ပိဿာကို ငွေကျပ် ၄၀၀ နှုန်းသာ ရောင်းချရတဲ့အတွက် စိုက်ပျိုးရတဲ့ အရင်းအနှီးစရိတ်နဲ့တွက်ရင် တွက်ချေမကိုက်ဘူးဖြစ်နေပါတယ်။  ဒါ့ကြောင့် တောင်သူတွေက ကြက်သွန်နီ ဈေးကောင်းရရှိဖို့အတွက် မျှော်လင့်နေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် အနောက်လေးအိမ်ကျေးရွာမှ ကြက်သွန်နီ စိုက်ပျိုး တောင်သူ ဦးခင်မောင်ဇော်က ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြသည့် ကျေးရွာများမှာ မဲဇလဲကျေးရွာ၊ ဆည်တော်ကျေးရွာ ၊ ကြူဝင်းကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်း ကျေးရွာ၊ ထူးပေါက်ကျေးရွာ၊ ကျွဲခြံကျေးရွာ၊ လယ်မကျေးရွာတို့ဖြစ်ပြီး မုန်းချောင်းတစ်လျှောက်ရှိ ကျေးရွာများတွင်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ၊ ထိုသို့ ကြက်သွန်နီစိုက်ပျိုးရာတွင် ဒေသခံတောင်သူများက မိုးရာသီနှင့် ဆောင်းရာသီတွင် အများဆုံးစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး )