မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့် မင်းဘူး(စကု)မြို့နယ် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားတက်ရောက်

မင်းဘူး ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် နန်းတော်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်၊ မကွေးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးနိုင်နှင့် မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအေးလွင်တို့က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲမုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ပွဲတော်အတွင်း ခင်းကျင်းပြသထားသော လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်အရောင်းဆိုင်နှင့် အားကစားပြိုင်ပွဲများ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်ပြီး အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ ‌နန်းတော်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူလေးများက အလှဆုံးပန်းများပွင့်ကြပြီ တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က အမှာစကားပြောကြားသည်။

ဆက်လက်၍  ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ထည့်သွင်းကျင်းပသော အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊  မူလတန်း(ထက်ဆင့်) ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်း(အောက်ဆင့်) ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် အဆိုပါပွဲတော်၌ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ထည့်သွင်းကျင်းခဲ့ပသော “အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း” (Never Stop Learning Talk Show) တွင် စာရေးဆရာမ မစန္ဒာရေးသားသော “အရိပ်” စာအုပ်အား ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီးနောက် အဆိုပါကျောင်းမှ ဖျော်ဖြေရေးအဖွဲ့ ကျောင်းသား၊ ကျောင်းသူလေးများ၏ ဧည့်ခံဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးသည်။

မင်းဘူး(စကု)မြို့နယ် နန်းတော်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် အခြေခံပညာအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်းများအပြင် ဓါတ်ပုံပြခန်း၊ ဌာနဆိုင်ရာများ၏ အသိပညာပေးပြခန်းများဖြင့် ဇန်နဝါရီလ ၂၆ ရက်မှ ၂၇ ရက်နေ့အထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)