ဗိုလ်တထောင် ဇန်နဝါရီ ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်၊ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် မြန်မာဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်(၁)နာရီက ဗိုလ်တထောင်ကမ်းနား နန်းသီတာသင်္ဘောဆိပ်နှင့် ဗိုလ်အောင်ကျော် သဗ္မာန်ဆိပ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် ကမ်းနားဆိပ်တွင်ဈေးရောင်းချသူများအား နှာခေါင်းစည်း (mask)နှင့် Face shield တပ်ဆင်ရန်၊ နှာခေါင်းစည်းများကို မေးစေ့တွင် မချိတ်ရန်၊ ပြင်ပ ထွက်ခွာတိုင်း နှာခေါင်းစည်းတပ်ဆင်ရန်၊ ပြင်ပမှပြန်လာတိုင်း လက်ကို စက္ကန့်(၂၀)ခန့် စနစ်တကျ ဆေးရန်၊ မလိုအပ်ဘဲပြင်ပသို့ သွားလာခြင်းမပြုရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာနေထိုင်ရန်၊နှာခေါင်းစည်း တပ်ဆင်ရေး အတွက် တစ်ဦးနှင့်တစ်ဦးသတိပေးရန်တို့ကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခဲ့ပြီး နှာခေါင်းစည်း (mask)အခု(၁၀၀၀)နှင့် Face shield(၂၀၀)ခုကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါကူးစက်ခြင်း အသိပညာပေးခြင်းကို ဌာနဆိုင်ရာများ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူများနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ အရှိန်အဟုန်မြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)