ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ် ပြန်လည်ရွေးချယ်နိုင်ရေး အစည်းအဝေး ပြုလုပ်

ဒဂုံ(ဆိပ်ကမ်း) ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရပ်ကွက်  သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်နိုင်ရေး အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း  သိရသည်။

အစည်းအဝေးတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဇော်နိုင်ဦးမှ  အုပ်ချုပ်ရေးကဏ္ဍ အကြောင်းတို့အား ရှင်းလင်းပြောကြားပြီး ပြင်ဆင် သည့် ရပ်ကွက် သို့မဟုတ်  ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို အကျယ် တဝင့် ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော  ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များက ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်နိုင်ရေးနှင့် ပတ်သက်၍ အခက်အခဲများ၊ ဖြေရှင်းမည့်နည်းလမ်းများ၊ ကြိုတင်ဆောင်ရွက် ရမည့်လုပ်ငန်းများ၊ အကြံပြုတင်ပြချက်များကို အပြန်အလှန် ဝိုင်း၀န်းဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ ဒဂုံမြို့သစ် (ဆိပ်ကမ်း)  မြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နန်းရွှေကြည်(ပြန်/ဆက်)