ရန်ကင်း ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက် သာသနဟိတကာရီ ဓမ္မာရုံတွင် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်း၊ ကလေးငယ်များ ကိုယ်အလေးချိန်နှင့် ကျန်းမာရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကလေးများ နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေး မဖြစ်စေရန် အတွက် social distancing နှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကာကွယ်ဆေးထိုးရာတွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသက် အရွယ်အလိုက် လစဉ် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (၉)မျိုး ကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်၊ ဆုံဆို့ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)