ရေတာရှည် ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်သော ကျေးရွာကုန်ထုတ်လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်းများကို ဒေသခံပြည်သူများ နှင့် တွေ့ဆုံ၍ ချပြရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနားအား ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကျေးလက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ညွန့် မှ တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် ဆောင်ရွက်မည့် မြေသား လမ်းခင်းခြင်း လုပ်ငန်း၊ ကျောက်ရောမြေခင်းခြင်းလုပ်ငန်း၊ Box Culvert ၄ စင်း မြေသားတာဘောင်တင်ခြင်း၊ ရေထုတ်ပြွန် အစရှိသည့် လုပ်ငန်းအမျိုးအစားများကို ကျပ် ၂၇၅ ဒသမ ၇၇၅ သန်း ဖြင့် လည်းကောင်း၊ ကျေးရွာပေါင်း ၁၂ ရွာတွင် လက်ရှိ ဆောင်ရွက်လျက်ရှိသော စက်ရေတွင်း တွင်းနက် တူးဖော်ခြင်းလုပ်ငန်းများကို ကျပ် ၂၂၅ ဒသမ ၇၉၅ သန်းဖြင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တာဝန်ယူဆောင်ရွက်ကြမည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသော ကျေးရွာဒေသခံ ကိုယ်စားလှယ် များက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ပြောကြား ခဲ့ကြောင်းသိရသည်။
ဆု(ပြန်/ဆက်)