ဘားအံတက္ကသိုလ်ဓမ္မာရုံ တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းကျော်ပြီးစီး

ဘားအံ  ဇန်နဝါရီ ၇

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တွင် ဘာသာရေးဆိုင်ရာပွဲလမ်းသဘင်အခမ်းအနားများ ကျင်းပရန်နေရာ အဆောက်အအုံမရှိသည့်အတွက် ဘားအံ တက္ကသိုလ်ဓမ္မာရုံကို တည်ဆောက်လျက်ရှိရာ ဒီဇင်ဘာလကုန်ပိုင်းက ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သည်။

ဘားအံတက္ကသိုလ်ဓမ္မာရုံကို တည်ဆောက်ရန် ၂၀၁၇ ခုနှစ်က စတင်ရည်ရွယ်ခဲ့ပြီး ခွင့်ပြုမိန့်အဆင့်ဆင့်တောင်းခံခဲ့ရာ ၂၀၁၈ ခုနှစ် ၃လပိုင်းတွင် ခွင့်ပြုမိန့် ရရှိခဲ့ပြီး  တောင်ကလေးဆရာတော်ဘုရားကြီး၏ မတည်ငွေ သိန်းတစ်ရာကျပ် ၊ ဗိုလ်မှူးကြီးစောချစ်သူ၏ မတည်ငွေ သိန်း ၆၀၀ကျပ် ၊ ဌာနဆိုင်ရာများနှင့် ဘာသာရပ်သင် ဆရာ/မများ၊ ကျောင်းသူ/သား များ၏ စုပေါင်းထည့်ဝင်ငွေများဖြင့်  ၂၀၁၈ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် စတင် ဆောက်လုပ်ခဲ့သည်။

 ထိုသို့ ဆောက်လုပ်ခဲ့ရာတွင် ၂၀၁၉ ခုနှစ် ၁ လပိုင်း၌ တာဝန်ယူထားသည့် အင်ဂျင်နီယာမှူးပြောင်းရွှေ့သွား သည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများကို ခေတ္တရပ်နားခဲ့ရပြီး  ၂၀၂၀ ခုနှစ်တွင်  ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းမြင့်က စီမံခန့်ခွဲရေးအဖွဲ့ကိုအစည်းအဝေးခေါ်ယူ၍ ဓမ္မာရုံကိုဆက်လက် တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ရာ ရန်ပုံငွေရှာဖွေရေးအဖွဲ့၊ ထိန်းသိမ်းရေးအဖွဲ့၊ ခွင့်ပြုသုံးစွဲရေးအဖွဲ့၊ လုပ်ငန်းစစ်အဖွဲ့၊ အရည်အသွေး စစ်ဆေးရေး အဖွဲ့များကိုဖွဲ့စည်းပြီး ဘားအံတက္ကသိုလ်ဓမ္မာရုံကိုဆက်လက်တည်ဆောက်ခဲ့သည်။

ဘားအံတက္ကသိုလ် ဓမ္မာရုံတည်ဆောက်မှုလုပ်ငန်းနှင့်ပက်သက်၍ “အရင်တုန်းက ကုန်ကျစရိတ်ကို ခန့်မှန်းငွေကျပ် သိန်းတစ်ထောင့်တစ်ရာဖြစ်ပေမယ့် အခုကျမတို့ လက်ရှိဆောက်တဲ့အခါမှာ အဆောက်အဦ အကြမ်းထည်ကိုဘဲ ခန့်မှန်းငွေ တစ်ထောင့်နှစ်ရာတစ်ဆယ့်ခုနှစ်သိန်းကျပ်ကုန်မယ်၊ မြန်မာမှုက ငွေကျပ်သိန်းတစ်ရာခန့် ကုန်မယ်၊ ကြမ်းခင်းကို ကိုရီးယားပါကေးခင်းရင် ငွေကျပ် သိန်းတစ်ရာကျော်ခန့်ကုန်မယ်၊ နောက်ပြီး ဘုရားခန်း၊ သံဃာစင် တို့အတွက် ကုန်ကျတာရှိမယ်၊ ရင်ပြင်အတွက် သိန်း ၄၀ ကျော်၊ မုခ်ဦးအတွက် သိန်း ၄၀ ကျော်၊ ဓမ္မာရုံဘေးကလမ်းခင်းအတွက် ၂၅ သိန်းခန့် ကုန်ကျမှာဖြစ်တဲ့အတွက် စုစုပေါင်း ၃၂၅ သိန်းလောက်ထပ်ပြီးတော့ ကုန်မှာပေါ့နော်၊ ဒါကြောင့်မို့ ကျမတို့က အလှူငွေတွေကို အွန်လိုင်းကနေတစ်ဆင့် ကောက်ခံခဲ့ပါတယ်၊  သိန်း ၉၀ ကျော်တော့ ရရှိနေပါပြီ၊ နောက်ထပ် အလှူငွ တွေလည်း လိုအပ်နေပါသေးတယ်၊ ဓမ္မာရုံအတွက်ကုန်ကျစရိတ်က အပြီးအစီးဆိုရင် စုစုပေါင်း သိန်းတစ်ထောင်ငါးရာ လေးဆယ်ငါးသိန်းကုန်ကျမှာဖြစ်ပါတယ် ” ဟု ဘားအံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းမြင့် က ပြောသည်။

ဘားအံတက္ကသိုလ်ဓမ္မာရုံ၏ ပရဝဏ်သည် အလျား ၁၁၅ ‌ပေ × အနံ ၇၈ ပေ ရှိပြီး ဓမ္မာရုံအဆောက်အအုံအနေဖြင့် အလျား ၈၉ ပေ × အနံ ၅၂ ပေ နဲ့ အမြင့် ၁၄ ပေရှိကာ ရင်ပြင်၊ လျောက်လမ်း၊ ဘုရားခန်း၊ သံဃာစင်၊ စတိုခန်း၊ သန့်စင်ခန်းနှင့် ဝရန်တာတို့ ပါဝင်မည်ဖြစ်ကာ ကျောင်းသား/သူ ဆရာ/မ ၅၀၀ ဦးခန့်ဝင်ဆံ့မည်ဖြစ်ကြောင်းနှင့် မန္တလေး ပါရာဂွန်အင်ဂျင်းနီးယားရင်းဂရုက တာဝန်ယူတည်ဆောက်လျက်ရှိကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)