တောင်ငူမြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ငူ ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ​ခရိုင်၊ တောင်ငူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ တောင်ငူမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ဦးစွာ တောင်ငူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမီမီခင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်လွင်မေသူက တောင်ငူမြို့နယ်အတွင်း ဆောင်ရွက်နေသော ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းစဥ်များနှင့် နည်းဗျူဟာများ၊ ကလေးသူငယ်များအား ကာကွယ်ဆေးများဖြင့် ကာကွယ်ပေးနေသော ရောဂါများ၊ တောင်ငူမြို့နယ်အတွင်း နယ်မြေအခြေအနေအရ ကာကွယ်ဆေးထိုးလုပ်ငန်း နယ်မြေလွှမ်းခြုံဆောင်ရွက်နိုင်သည့် ကျန်းမာရေးဌာနများအခြေအနေနှင့် ကာကွယ်ဆေးများဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွားမှုအခြေအနေ၊ ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းနေသည့် နေရာများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းရှင်များအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားကာ မှတ်တမ်းဗီဒီယိုအား ပြသခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့ဝင်များက အထွေထွေအကြုံပြုဆွေးနွေးတင်ပြကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)