ပဲခူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ပဲခူး ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက လူငယ်များ စာဖတ်သင့်သည့် အဓိကအကြောင်းအရင်းများ၊ စာဖတ်ခြင်း၏ အဓိကအကျိုးကျေးဇူးများ၊ စာဖတ်ခြင်းမှ ခေါင်းဆောင်ဖြစ်လာသော ပုဂ္ဂိုလ်များ၊ လူငယ်တွေ ဖတ်သင့်သောစာအုပ်များစသည့် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး အသိပညာဗဟုသုတများပြီး ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကိုဖတ်ကြရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပဲခူးမြို့ အခြေခံပညာအလယ်တန်း(ခွဲ)(မြို့တွင်းကြီး)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၅)ဦးက ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း  သိရှိရသည်။                                                                                                    

ခရိုင်(ပြန်/ဆက်)