ပေါက်ခေါင်းမြို့ မြို့မစည်ပင်သာယာဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး မီးငြိမ်း သတ်နည်း လက်တွေ့သရုပ်ပြ

ပေါက်ခေါင်း  ဇန်နဝါရီ  ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့  မြို့မစည်ပင်သာယာဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းကို ယမန်နေ့  နေ့လယ်ပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

“မြို့မဈေးကြီး မီးဘေးလုံခြုံရေး၊ မီးလောင်မှု၊ မီးလန့်မှုတွေ လျော့နည်းစေဖို့နဲ့ မီးလောင်မှု ဖြစ်ပွားလာခဲ့လျှင် အချိန်နှင့်တပြေးညီ မီး ငြိမ်းသတ်နိုင်ရေး၊ မီးငြိမ်းသတ်ရေးမှာ ဈေးသူဈေးသား တွေအနေနဲ့ မီးသတ်ဦးစီးဌာနနဲ့ ဝိုင်းဝန်းပူးပေါင်းပြီး မီးကြီးမားမှုမဖြစ်အောင် ဆောင်ရွက် ဖို့ သရုပ်ပြခြင်းဖြစ်ကြောင်း” မီးသတ်ဦးစီးမှူးဦးရဲမင်းသန်းက ပြောသည်။

အဆိုပါ လက်တွေ့သရုပ်ပြခြင်းအစီအစဉ်ကို  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဈေးသူဈေးသားများ ပူးပေါင်းပါဝင်ကြ ပြီး မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)