မော်လမြိုင် ဇန်နဝါရီ ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းအတွင်း အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ မြစ်ကမ်းသာအပန်းဖြေစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက်စီမံကိန်းရှင်းလင်းဆောင်တွင် စီမံကိန်းတာဝန်ရှိသူမှ အများပြည်သူအနားယူ အပန်းဖြေရန်အတွက် လျှောက်လမ်း၊ မွန်ရိုးရာလခြမ်းတူရိယာ၊ မြေယာရှုခင်းနှင့် အများပြည်သူနားနေဆောင်၊ ပေါင်းကူးတံတား၊ ကားပါကင်၊ အများသုံးသန့်စင်ခန်း ရေ၊ လျှပ်စစ်မီးရှိရေးလုပ်ငန်းဆောင်ရွက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့အလှအပများ၊ ရှုခင်းများ ပေါ်လွင်စေရန်၊ အများပြည်သူများ စိတ်ဝင်တစား လာရောက်လည်ပတ်အပန်းဖြေနိုင်စေရန်၊ အမှိုက်များ စနစ်တကျစွန့်ပစ်စေရေးသန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ပေးကြရန်မှာကြားကာ မြစ်ကမ်းသာအပန်းဖြေစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများအား ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ ကမ်းနားလမ်းတစ်လျှောက် အများပြည်သူများ အပန်းဖြေအနားယူနိုင်ရန်အတွက် အပန်းဖြေနေရာများ တည်ဆောက်နိုင်ရေးလှည့်လည်ကြည့်ရှုခဲ့ပြီး မော်လမြိုင်မြို့၊ တို့ချဲ့ကမ်းနားလမ်း တစ်လျှောက်ရှိ အများပြည်သူများ အပန်းဖြေနေရာ (၆၀'×၂၀') (၄)နေရာတည်ဆောက်မည့်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ စီမံကိန်းတာဝန်ခံမှတည်ဆောက်ရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်ဆက်လက်၍ ဆောင်ရွက်မည့်နေရာ (၃) ခုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးအချိန်မီတည်ဆောက်ရန်နှင့် စံချိန်စံညွှန်းမီဆောက်လုပ်ရန် မှာကြားကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)