မော်လမြိုင် ဇန်နဝါရီ ၂၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အစိုးရစက်မှုလက်မှု သိပ္ပံ(မော်လမြိုင်)၊ ခန်းမဆောင်၌ကျင်းပပြုလုပ်သည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာအစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)မှ ကျောင်းသား၊ ကျောင်းသူလေးများက မွန်တိုင်းရင်းသားရိုးရာအကဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်ပြီး အရည်အချင်းပြည့်ဝတဲ့ အင်ဂျင်နီယာတွေ မွေးထုတ်နိုင်ရန် ရည်ရွယ်၍ အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)ကို ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်အနေနဲ့ နည်းပညာနှင့်သက်မွေးပညာ လေ့ကျင့်ရေးကဏ္ဍမှာ သင်ကြားနေတဲ့ ကျောင်းသားလူငယ်များဟာ နိုင်ငံ အတွက် အရေးပါတဲ့သူများဖြစ်သည်နှင့် အညီ ယခု ကျောင်းသား၊ ကျောင်းသူ မောင်မယ်တို့ အနေဖြင့် မိမိဒေသ အတွင်း အမှန်တကယ် အသုံးချရန်လိုအပ်နေတဲ့ နည်းပညာနှင့်သက်မွေး ပညာရပ်တွေကို အကျိုးရှိရှိအသုံးချနိုင်ဖို့၊ ပြည်နယ်အတွက်သာမက နိုင်ငံတော်အတွက်ပါ အားကိုးရမယ့် အသိပညာရှင်၊ အတတ်ပညာရှင် လူတော်၊ လူကောင်းလေးတွေဖြစ်လာအောင် ကြိုးစားအားထုတ်ကြရန် မှာကြားလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၊ ကျောင်းအုပ်ကြီး ဦးညိုချောမှ ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဆုရရှိကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ခဲ့ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)မှ ပထမနှစ် သင်တန်းသစ်လွင်မောင်မယ် ကျောင်းသား၊ ကျောင်းသူလေးများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။
စည်သူ(ပြန်/ဆက်)