ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံမြောက် ဇန်နဝါရီ  ၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အထွေထွေအုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင်   ယမန်နေ့ နံနက် ၁၀ နာရီက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင်  မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးက ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် စပ်လျဉ်း ၍ ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင် သည့် ဥပဒေ၊ နည်းဥပဒေများကို ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် အသိပညာပေးခြင်း၊ ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ ရွေးချယ်သည့် ကိစ္စဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်စေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများဖြင့် အကူအညီ ပေးရေးအဖွဲ့ ဖွဲ့စည်းခြင်း ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြိုတင်အသိပေးခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ ဆယ်အိမ်စု အဖွဲ့နှင့် ရာအိမ်စုအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် အသိပေးခြင်း၊   ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက်တာဝန်ခံများ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း၊ ရွေးချယ်ခံရသော ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက်တာဝန်ခံနှင့် အုပ်ချုပ်ရေးမှူး အမည်စာရင်းနှင့် အချက် အလက် များစုစည်း ခြင်း၊ ပြန်လည်စိစစ်ခြင်းနှင့် အထက်အဆင့်ဆင့်သို့ တင်ပြခြင်း၊ အတည်ပြုခန့် ထားခြင်းစသည့်လုပ်ငန်းစဉ်များ အား ရှင်းလင်း ပြောကြား ခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ  ရပ်ကွက် /ကျေးရွာအုပ်ချုပ် ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)