မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၂၉

မွန်ပြည်နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုအဆင်‌ပြေ‌‌ချောမွေ့စွာဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် လိုအပ်သောကာကွယ်ဆေးများအား အထူးအစီအစဉ်ဖြင့် ထိုးနှံတိုက်ကျွေးရေးလုပ်ငန်းများ၊ ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားချိန်တွင် တုံ့ပြန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ပြည်သူလူထုဆီသို့ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်ရေး လုပ်ငန်းများကို သက်ဆိုင်ရာနှီးနွယ်ဌာနများနှင့် လက်တွဲပြီးပိုမိုဆောင်ရွက်ပေးသွားကြရန်နှင့် ရှေ့ဆက်ဆောင်ရွက်မယ့်လုပ်ငန်းများမှာလည်း အားသွန် ခွန်စိုက် ထပ်မံပူးပေါင်းဆောင်ရွက် ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကေခိုင်အေးမှ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး  ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းမှတ်တမ်း Video ပြသခဲ့မှုအပေါ်  ပြည်နယ် ဝန်ကြီးချုပ်နှင့် အသိပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ