ပေါက်ခေါင်း ဇန်နဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်း အရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ရေး Advocacy Meeting ကို ယမန်နေ့နံနက်ပိုင်း (၁ဝ)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးမှ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုကို မြှင့်တင်သွားရန်နှင့် လူနေထူထပ်ပြီး ရွှေ့ပြောင်းလူဦးရေများသည့် မြို့နယ်ဆင်ခြေဖုံးရပ်ကွက်များ၊ သွားလာရန်ခက်ခဲသည့် ဒေသများမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးအရှိန်အဟုန်မြှင့် ထိုးနှံပေးနိုင်ရေး ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြိုနယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မျိုးမြတ်က ကာကွယ်ဆေးထိုးနှံရေး အဓိကရည်ရွယ်ချက် (၅)ချက်၊ ပုံမှန်ကာကွယ်ဆေးထိုးလွှမ်းခြုံမှုအခြေအနေ၊ ခက်ခဲသော ဒေသများ၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းစဥ် (၄)ရပ်၊ သက်ဆိုင်ရာနှီးနွှယ်ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများ မြှင့်တင်ရေးလုပ်ငန်းအစီအစဥ်များ အသီးသီးကို ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မှတ်တမ်း videoများကို ပြသခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံပြုချက်များကို ဆွေးနွေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)