ပေါက်ခေါင်း ဇန်နဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက်များအတွင်းရှိ နေအိမ်များ၌ စတင်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ လူနေအိမ်များအတွင်း မီးလောင်၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေမှုအခြေအနေများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများ ထားရှိဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး မီးစနစ်တကျ ဂရုပြုသုံးစွဲရေး၊ အမှိုက်နှင့် လောင်စာများအား စနစ်တကျစွန့်ပစ်ရေး၊ သဲအိတ်၊ ရေအိတ်များ၊ မီးချိတ်၊ မီးကပ်များ စနစ်တကျထားရှိရေးနှင့် ပြည်သူများအနေဖြင့် လျှပ်စစ်မီး၊ မီးဖိုမီး၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေများအား ညအိပ်ချိန်တွင် သတိထား၍ စနစ်တကျငြှိမ်းသတ်ရန်၊ လျှပ်စစ်မီးပြတ်တောက်နေသည့်အချိန်တွင် မီးခလုတ်များအား သေချာစွာပိတ်ထားရန် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရေး တစ်အိမ်တက်ဆင်း လိုက်လံအသိပေးပြောကြားခဲ့သည်။
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများကိုလည်း အကြောင်းအမျိုးမျိုးကြောင့် မီးဘေးကြုံခဲ့လျှင် ကိုယ်တိုင်ဦးစွာ မီးငြှိမ်းသတ်နိုင်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြို့နယ်(ပြန်/ဆက်)