မုဒုံမြို့၌ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေး

မုဒုံ ဇန်နဝါရီ ၂၉

နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက မုဒုံမြို့ ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၌ ကျင်းပသည်။

ဦးစွာ မုဒုံမြို့နယ်စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်သိမ်းက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်က လက်ရှိ ဆောင်ရွက်နေသည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ နိုင်ငံတစ်ဝန်း ပြည်သူလူထုများ အထူးသဖြင့် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွားမှုနှင့် သေဆုံးမှုကိုလျှော့ချရန် ရည်ရွယ်၍ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း မှတ်တမ်းဗီဒီယိုကိုပြသခဲ့ပြီး တက်ရောက်ကြသည့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ လူမှုကူညီရေးအသင်းအဖွဲ့များတို့က ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ အထွေထွေအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရာမည(ပြန်/ဆက်)