စလင်း ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးဟောပြောမှုအခမ်းအနားအား ယမန်နေ့နံနက် (၉)နာရီအချိန်က စလင်းမြို့ ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချူပ်ရေးကော်မတီဥက္ကဋ္ဌ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုံညီစွာတက်ရောက်ကြပြီး ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်က နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးငယ်များ၏ ဘဝမှစ၍ ရောဂါဘယကင်းရှင်းရန်လိုအပ်ကြောင်း၊ ကလေးငယ်များ ရောဂါကင်းရှင်းရေးအတွက် သတ်မှတ်အသက်အလိုက် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးကြရန်လိုအပ်ကြောင်း၊ ကာကွယ်ဆေး စကျွေးသည့်အချိန်၊ ဆွေးနွေးဟောပြောမှုများနှင့်အတူ တစ်ဆက်တည်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ၊ ဦးမင်းမင်းထွန်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ (၁၈၈၉)ခုနှစ်မှစတင်၍ (၂၀၂၅)ခုနှစ်အထိ ကာကွယ်ဆေးထိုးလုပ်ငန်း၏ အောင်မြင်မှုမှတ်တိုင်များ၊ အထူးဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့မှုများ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များကို ဆွေးနွေးပြောကြား၍ ဆွေးနွေးပွဲတက်ရောက်လာကြသူများအား မြန်မာနိုင်ငံအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်များကို အသက်အပိုင်းခြားအလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုများ၊ အသည်းရောင်အသားဝါကာကွယ်ဆေးများ၊ ပိုလီယိုကာကွယ်ဆေးများ၊ တီဘီကာကွယ်ဆေးများထိုးနှံသည့်လုပ်ငန်း ဆောင်ရွက်နေသည့် အသိပညာပေးဗီဒီယိုဖွင့်လှစ်ပြသခြင်းများ၊ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးကြပြီးခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)