ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း လွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပဲခူးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်သည်။

ဦးစွာ ပဲခူးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးအဆင့်(၂) ဦးကျော်သက်က ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပုံမှန်ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုအားကောင်းစေရေးအတွက် အသက်(၁)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၊ အသက်(၅)နှစ်အောက် ကလေးငယ်များတွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွား၊ သေဆုံးမှုလျှော့ချရန် ရည်ရွယ်၍ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ကလေးတိုင်းဆီသို့ ရောက်ရှိရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျောင်းနေအရွယ် KG ကလေးငယ်များအား ကျောင်းအခြေပြုဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း၊ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ်များကို ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု HPV ကာကွယ်ဆေးထိုးလုပ်ငန်းများကို Life Course Approach ဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်းတို့ကို Power Point ဖြင့် ရှင်းလင်းပြသခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့ဝင်များက အကြံပြုဆွေးနွေးတင်ပြကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)