ဒိုက်ဦး ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး” အခမ်းအနားကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးမိုးအေးမှ အဖွင့်အမှာစကား ပြောကြားပါသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှုးအဆင့်-၁ ဒေါ်သန်းမြိုင်မှ မြို့နယ်အဆင့်ဆောင်ရွက်နေသော ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းစဉ်များနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းနေသည့်နေရာများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာများမှ သိလိုသည်များအား မေးမြန်းဆွေးနွေးကြပါသည်။
ထို့နောက် ကျေးလက်ကျန်းမာရေးဌာနတာဝန်ခံများမှ ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးရာတွင် အတွေ့အကြုံများအား ဌာနအလိုက်တင်ပြကာ အခမ်းအနားရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် နှီးနွယ်ဌာနများ တက်ရောက်ကြကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)