ဖြူးမြို့နယ်၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ဖြူး ဇန်နဝါရီ ၃၀

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွန်မှု၊ ပဲခူးတိုင်းဒေသကြီး ပြည်သူကျန်းမာရေးဦးစီးဌာနမှူး၏ ကြီးကြပ်မှုဖြင့် တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး အသိပေးညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဖြူးမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၂) ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာအောင်ကျော်မိုးက မြို့နယ်အဆင့်ဆောင်ရွက်နေသော ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းစဥ်များနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းနေသည့် ကျေးရွာနေရာ​ဒေသများတွင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဥ်များအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောင့်ရေးအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးလက်ကျန်းမာရေးဌာနများမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဦးစီးဌာနနှင့် နှီးနွယ်သည့်အဖွဲ့ဝင်များက ကျန်းမာရေးနှင့်ပတ်သက်၍ ကာကွယ်ဆေးပိုမိုထိုးနှံပေးနိုင်ရေး အချက်များကို မေးမြန်းညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)