ရေတာရှည် ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်သူဆေးရုံတွင် သဘာ၀ဘေးအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နေ့လယ်(၁၁)နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒာညီဆွေ ဦးဆောင်၍ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရှေ့ပြေးဆေးအဖွဲ့၊ ကွပ်ကဲရေးအဖွဲ့၊ ကုသရေးအဖွဲ့၊ လူနာလွှဲပြောင်းကုသရေးအဖွဲ့၊ အထောက်အကူပြုအဖွဲ့များဖွဲ့ကာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများက သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ထိုသို့လေ့ကျင့်ခြင်းဖြင့် အရေးပေါ်အခြေအနေအဖြစ်ပေါ်လာပါက ဆေးရုံဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များဖြင့်ပူးပေါင်း၍ လျင်မြန်စွာဆောင်ရွက်နိုင်စေရန်၊ ရှေးဦး သူနာပြုစုခြင်းများ၊ ကျန်းမာရေးဆိုင်ရာကုသမှုများ၊ အဆင်ပြေချောမွေ့စေရန်၊ ထိခိုက်သေဆုံးမှု လျော့နည်းနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)