ကြို့ပင်ကောက်မြို့တွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကြို့ပင်ကောက် ဇန်နဝါရီ ၃၀

ပဲခူးတိုင်း‌ဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကာကွယ်ဆေးထိုးနှံတိုက် ကျွေးခြင်းလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး EPI Advocacy Meeting လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကြို့ပင်ကောက်မြို့နယ်အတွင်း ကာကွယ်ဆေးထိုး လွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းစိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမေဇော်က မြို့နယ်အဆင့် ဆောင်ရွက်နေသော ကာကွယ်ဆေးထိုးနှံတိုက်ကျွေးနေသည့်အခြေအနေများ ဆက်လက်၍ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးဆောင်ရွက်သွားမည့်အစီအစဉ်များအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း မှတ်တမ်းဗွီဒီယိုအား ပြသဆောင်ရွက်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံတိုက် ကျွေးခြင်းလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)