အုတ်တွင်းမြို့နယ်၌ တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

အုတ်တွင်း ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းကို ဇန်နဝါရီလ ၂၈ ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါတောင်သူနည်းပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးအောင်ဆန်းဦးက နွေစပါး၊ ပဲစိုက်တောင်သူများအား စိုက်ပျိုးရေရရှိရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ နွေစပါးအထွက်နှုန်းတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား အကျိုးရှိစွာဆောင်ရွက်ရန်၊ တောင်သူများသီးနှံများ စိုက်ပျိုးရာတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်မှုမြင့်မားရသည့် အကြောင်းအရင်းပါအချက်(၆)ချက်၊ ပိုးသတ်ဆေးကို စနစ်တကျ အန္တရာယ်ကင်းစွာကိုင်တွယ်သုံးစွဲနည်းပညာများနှင့် နွားကျင်ငယ်ရည်ပက်ဖြန်း အသုံးပြုနည်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲသို့ အုတ်တွင်းမြို့နယ်အတွင်းရှိ ဆွဲလဲချောင်းကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ ဘုရားလေးကျေးရွာအုပ်စုတို့မှ သင်တန်းသား/သင်တန်းသူ(၅၀)ဦးတို့အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီပျိုးပင်များ၊ ရွက်ဖြန်းအားဆေး၊ ပိုးသတ်ဆေးများနှင့် စိုက်ပျိုးရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် တောင်သူနည်းပညာဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၈ ရက်မှ ဇန်နဝါရီလ ၂၉ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)